ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ဌာန

ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ဌာန (The American Institute in Taiwan, AIT) သည် ထိုင်ဝမ်ရှိ အမေရိကန်၏ အကျိုးအမြတ်များအတွက် အကျိုးဆောင်ပေးနိုင်ရန် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ (Taiwan Relations Act) အရ အမေရိကန် အစိုးရက ဦးစီးထူထောင်ထားသည့် ဌာနတစ်ရပ် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ၁၉၇၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ချိန်တွင် တရုတ်၏ တောင်းဆိုချက်အရ တရုတ်တစ်ပြည်ထောင် မူဝါဒအား အသိအမှတ် ပြုရသောကြောင့် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) နှင့် တရားဝင်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။

ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ဌာန

ထို့နောက်တွင် ထိုင်ဝမ်နှင့် အမေရိကန်အကြား တရားဝင်မဟုတ်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အမေရိကန် ကွန်ကရက်က ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေကို အတည်ပြုခဲ့သည်။ ၁၉၇၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အမေရိကန် သမ္မတ ဂျင်မီ ကာတာက ယင်းအက်ဥပဒေကို လက်မှတ်ရေးထိုးကာ အသက်ဝင်စေခဲ့သည်။

ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ဌာနသည် လက်တွေ့တွင်မူ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်သံရုံးအလား ဗီဇာထုတ်ပေးခြင်း စသည့် သံရုံးလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။ ယင်းဌာနဝန်ထမ်းများသည်လည်း ထိုင်ဝမ်တွင် အခြားနိုင်ငံမှ သံအမတ်များနည်းတူ အထူးအခွင့်အရေးများ ခံစားခွင့်ရှိသည်။

အလားတူပင် ထိုင်ဝမ်ဘက်မှလည်း အမေရိကန်တွင် ထိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိသည်။